Wednesday, 12 April 2023

Engine Coolent

 အင်ဂျင်ကူးလန့်အရောင်များအကြောင်း


မော်တော်ကားအင်ဂျင်ကူးလန့်ဆိုတာ အင်ဂျင်အအေးပေးစနစ်အတွက် အဓိကကျတဲ့ အရည်တမျိုးဖြစ်ပါတယ်။ အင်ဂျင်ကူးလန့်အစား ရိုးရိုးရေကို အသုံးပြုမယ်ဆိုရင် သံချေးတတ်ခြင်းနှင့် အေးခဲခြင်းဖြစ်စေကာ အအေးပေးစနစ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် အင်ဂျင်ကူးလန့်ကို အသုံးပြုခြင်းဖြစ်ပါတယ်။ အင်ဂျင်ကူးလန့်မှာ အရောင်တွေအများကြီးရှိပါတယ်။


အရောင်ထည့်ထားရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကူးလန့်ယိုစိမ့်တဲ့အခါ ယိုစိမ့်တဲ့နေရာမှာ အရောင်ကျန်ခဲ့တဲ့အတွက် ကားပြုပြင်သူက အလွယ်တကူပြစ်ချက်ရှာဖွေနိုင်အောင် ဖြစ်ပါတယ်။ ဒါကြောင့် အင်ဂျင်ကူးလန့်မှာ အရောင်မျိုးစုံဖြင့် အသုံးပြုနေကြတာဖြစ်ပါတယ်။ ကူးလန့်မှာ အရောင်တွေပါနေတဲ့ နောက်ထပ်တချက်ကတော့ သူရဲ့ ဂုဏ်သတ္တိ နှင့် အရည်အသွေးဘဲဖြစ်ပါတယ်။


အစိမ်းရောင် အင်ဂျင်ကူးလန့် – အစိမ်းရောင် အင်ဂျင်ကူးလန့်တွေဟာ ရေတိုင်ကီနဲ့ အင်ဂျင်မှာရှိတဲ့ သတ္တူအစိတ်အပိုင်းများ တိုက်စားမှုကို ကာကွယ်ပေးနိူင်တဲ့ ဆီလီကိတ်၊ ဖော့ဆဖိတ်တို့ပါဝင်ပါတယ်။ IAT (Inorganic Acid Technology) အမျိုးအစားများဖြစ်ပြီး ကားဟောင်းတွေမှာ အသုံးပြုကြပါတယ်။


လိမ္မော်ရောင်- ဒီအရောင် အင်ဂျင်ကူးလန့်တွေကတော့ အနည်၊ အမှိုက်တွေနဲ့ တိုက်စားမှုကို ကာကွယ်ဖို့အတွက်ဖြစ်ပြီး 2-EHA (2-Ethylhexanoate)၊ ဆီလီကိတ်နှင့် အခြား အော်ဂဲနစ်အက်ဆစ်တွေပါဝင်ပြီး ကြာရှည်ခံအောင် ပြုလုပ်ထားပါတယ်။ OAT (Organic Acid Technology) အမျိုးအစားများဖြစ်ပြီး GM ၊ Saab ၊ Volkswagen ကားတွေမှာ အဓိက အသုံးပြုပါတယ်။


အဝါရောင် – ဒီအရောင် ကူးလန့်တွေကတော့ အလူမီနီယံ သတ္တူသားတွေကို ကာကွယ်ရန်၊ သံချေးတက်ခြင်းကို ကာကွယ်ရန်နှင့် တိုက်စားမှုကို ကာကွယ်ဖို့အတွက် အော်ဂဲနစ်အက်ဆစ်၊ ဆီလီကိတ်တို့ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ HOAT (Hybrid Organic Acid Technology) အမျိုးအစားဖြစ်ပြီး IAT နှင့် OAT နည်းပညာနှစ်ခုလုံး ပေါင်းစပ်ထားကာ Ford ၊ Chrysler ၊ ဥရောပထုတ်ကားတွေမှာ အသုံးပြုကြပါတယ်။


စိမ်းပြာရောင် – ဒီအရောင်ကူးလန့်တွေကို အလူမီနီယံ သတ္တူသားတွေကို ကာကွယ်ဖို့နဲ့ သံချေးတက်ခြင်းကို အထူးကာကွယ်ဖို့အတွက် ထုတ်လုပ်ထားပြီး အော်ဂဲနစ်အက်ဆစ်ပါဝင်ကာ ဖော့ဆဖိတ် လုံး၀ မပါဝင်ပါဘူး။ HOAT (Hybrid OAT, Phosphate-free) အမျိုးအစားဖြစ်ပြီး BMW ၊ Volvo ၊ Tesla ၊ Mini စသည်တို့မှာ အသုံးပြုပါတယ်။


ပန်းရောင် (သို့) အပြာရောင် – ဒီအရောင်ကူးလန့်တွေက သတ္တူသားတွေကို ကာကွယ်ဖို့နှင့် သံချေးတက်ခြင်း၊ အနယ်ဖြစ်ခြင်းတွေကိုလည်း အထူးကာကွယ်ပေးဖို့ ထုတ်လုပ်ထားပြီး ဖော့ဆဖိတ်၊ အော်ဂဲနစ်အက်ဆစ်တို့ဖြင့် ပြုလုပ်ထားပါတယ်။ P-HOAT (Phosphated Hybrid OAT) အမျိုးအစားဖြစ်ပြီး Toyota ၊ Nissan ၊ Honda ၊ Hyundai ၊ KIA နှင့် တခြား အာရှထုတ်ကားတွေမှာ အများဆုံးအသုံးပြုကြပါတယ်။


ခရမ်းနုရောင် – ဒီအရောင်ကူးလန့်တွေက သံချေးတက်ခြင်း၊ ရေတိုင်ကီပျက်စီးခြင်းတွေကို ကာကွယ်ပေးပြီး အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်လုပ်ပေးကာ ဆီလီကိတ်၊ အော်ဂဲနစ်အက်ဆစ်တို့ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Si-OAT (Silicated HOAT) အမျိုးအစားများဖြစ်ပြီး Mercedes-Benz ၊ Audi ၊ VW ၊ Porsche စသည်တို့မှာ အသုံးပြုကြပါတယ်။


ဒါကတော့ ကူးလန့်အရောင်ပေါ်မူတည်ပြီး အရည်သွေးနှင့် အသုံးပြုနိူင်တဲ့ကားအမျိုးအစားတွေကို Valvoline.com မှ ကိုးကားဖော်ပြခဲ့တာဖြစ်ပါတယ်။ မိမိကားအတွက် ကြိုက်တဲ့ကူးလန့်အရောင်ကို အသုံးပြုနိူင်ပါတယ်။ ဒါပေမယ့် အင်ဂျင်ကူးလန့်အရောင်တွေကိုတော့ ရောစပ်ပြီး အသုံပြုလို့မရတာကိုတော့ သတိပြုစေချင်ပါတယ်။ ဒါ့အပြင် ကူးလန့်ထုတ်လုပ်သူများလာတဲ့အခါ အရောင်သတ်မှတ်ချက်အရ အရည်အသွေးကိုက်ညီအောင် မထုတ်လုပ်နိူင်တာကိုလည်း တွေ့ရတဲ့အတွက် အသုံးမပြုခင် ကူးလန့်ပုံးကို သေချာဖတ်သင့်ပါတယ်။ ဒါ့အပြင် အင်ဂျင်သက်တမ်းရှည်အောင် မည်သည့်အင်ဂျင်ကူးလန့်ကို အသုံးပြုသည်ဖြစ်စေ အင်ဂျင်ကူးလန့်တွေကို (၂) နှစ် (သို့) ကီလို (၄၈၀၀၀) မှာ တစ်ကြိမ်လဲပေးသင့်ပါတယ်။

No comments:

Post a Comment