Sunday, 12 March 2023

Jury Duty

 Official Jury Duty Notic


အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားပြီးသူများသာ 


တက်ရောက်ခွင့်ရပါသည်။ 2013 မှာ US Citizen


ဖြစ်ခဲ့ပေသိ အကြိမ်ကြိမ်းမတက်လိုဘဲငြင်းခဲ့


ပါသည်။ယခုအချိန်တွင်မတော့ Company မှ Jury 


Duty ခွင့်ရက်ပေးသည့်အတွက်သွားတက်ပါတော့


မည်။


April 6 ,2023 မှာကျွန်တော်သွားတက်ရမှာမလို့


အတွေ့အကြုံသစ်တွေတင်ပေးပါ့မယ်။


DVHtun 🇺🇸


ကလိုစေးထူးရေးထားတာလေးသဘောကျလို့မလာတာပါ။


ဖြတ်ရမယ့် တံတိုင်းတွေ…

 

***

 

လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်လောက်တုန်းက ပေါ့။

 

အိမ်ကို ရောက်လာတဲ့ စာတစောင်ဟာ ထူးဆန်းတယ်။

 

Jury Duty …တဲ့။

 

***

 

ဘုမသိဘမသိနဲ့ ဆိုတော့ သူ့စာပါ အကြောင်းအရာကို အင်္ဂလိပ်ကနေ မြန်မာလို တိုက်ရိုက်ပဲ ကိုယ့်ဘာသာ ဘာသာပြန် ဖတ်မိတာ…။

 

“ခင်ဗျားဟာ  ခုံသမာဓိ အဖွဲ့ တာ၀န်ကျပါတယ်။ ဒီစာမှာပါတဲ့ ရက်စွဲ၊ အချိန် အတိအကျအတိုင်း မြို့နယ် တရားရုံးကို အရောက်သွားပြီး သတင်းပို့ပါ။ လုံလောက်တဲ့ အကြောင်းပြချက် မရှိဘဲ သတင်းပို့ရန် ပျက်ကွက်ပါက ဥပဒေအတိုင်း အရေးယူတာ ခံရပါလိမ့်မယ်”

 

“အလိုလေး၊ ဘယ့်နှယ်” …ပေါ့။

 

ကျွန်တော်က ခုံသမာဓိ အဖွဲ့ တာ၀န်တွေ ဘာတွေ ယူရအောင် တရားသူကြီးလဲ မဟုတ်၊ ရှေ့နေလဲ မဟုတ်၊ ဘယ့်နှာကြီးပါလိမ့်ပေါ့။

 

ဒါနဲ့ တခြားသော နားလည်သူတွေကို အဲဒီစာ ပြပြီး မေးမြန်းရတယ်။

 

***

 

တကယ်တော့ Jury duty ဆိုတာက သူတို့ဆီက နိုင်ငံသားတို့ရဲ့ တာ၀န်တွေထဲက တခုပါပဲ။ တရားရုံးမှာ တရားစွဲသူနဲ့ ခုခံချေပသူတို့တွေ အမှုအခင်း ဖြစ်ကြတဲ့ အခါဖြစ်စေ၊ ရာဇ၀တ်မှုခင်း တချို့မှာ ဖြစ်စေ တရားခွင်မှာ သွားရောက်ပြီး ပြောဆိုကြ၊ ချေပကြတာတွေကို နားထောင်ပြီးတော့ ကိုယ့်ရဲ့ ထင်မြင်ချက်ကို သီးခြား မှတ်ချက်သဘောမျိုး တရားသူကြီးကို ပေးအပ်ရတာမျိုးပါ။

 

အမှုကို အမိန့်ချမှတ်ရမယ့် တရားသူကြီးအတွက် တခြားသော ထည့်သွင်းစဉ်းစားစရာ အမြင်ရှုထောင့်တွေကို ရနိုင်အောင် အမှုနဲ့ မသက်ဆိုင်သူ တချို့ကို တရားခွင်မှာ ထိုင် နားထောင်စေတဲ့ တာ၀န်ကို Jury duty လို့ အကြမ်းဖျင်း သတ်မှတ်ရမယ် လို့ ထင်တယ်။

 

ဘာသာစကား အခက်အခဲ ဖြစ်နေရင် ဖြစ်စေ၊ တခြားသော ကျန်းမာရေး၊ လူမှုရေး အခက်အခဲ ရှိနေရင် ဖြစ်စေ သေသေချာချာ အကျိုးအကြောင်း ပြောပြရင်တော့ တခြားသူကို အစားထိုး ရွေးချယ်လေ့ ရှိပါတယ်။

 

***

 

အဲဒီလိုမှ မဟုတ်ရင်တော့ “ဒီနေ့ ကျွန်တော် အလုပ်သွားရမှာမို့၊ အလုပ်က မအားလို့၊ ကျွန်တော်က ဘာရာထူး တာ၀န်ရှိနေတဲ့ ဘယ်ဌာနက လူကြီး ဖြစ်နေလို့၊ ကျွန်တော်ဟာ ဘယ်ဘာသာရေး အသင်းအဖွဲ့က ခေါင်းဆောင် ဖြစ်နေလို့” အစရှိတဲ့ အကြောင်း ပြချက်လောက်တွေနဲ့တော့ Jury duty ကနေ ရှောင်လွှဲခွင့် မရှိပါဘူး။

 

အလုပ်ရှင်တိုင်းဟာ ဘယ်အလုပ်သမားကိုမှ Jury duty တာ၀န် ထမ်းဆောင် နေရလို့ အလုပ် ပျက်ကွက်မှု အတွက် အလုပ်ကနေ ထုတ်ပယ်ခွင့် မရှိစေရ ဆိုတဲ့ ဥပဒေကိုလဲ သူတို့ တိတိကျကျ သတ်မှတ်ထားတယ်။

 

ဒါက အမှုအခင်း တခုခုနဲ့ ဘယ်လိုမှတောင် ပတ်သက်မနေတဲ့ လူတယောက်အပေါ် Jury duty နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ တာ၀န်ပေးနိုင်မှု အမိန့်အာဏာ…။

 

အမှုနဲ့ သက်ဆိုင်နေတဲ့ တရားလိုသက်သေတွေ၊ တရားခံသက်သေတွေ ဆိုရင်တော့ တရားရုံးက ဆင့်ခေါ်တာကို ဘာအကြောင်းနဲ့မှ ငြင်းဆန်ဖို့ အခွင့် မရှိပါဘူး။

 

***

 

ဘာဖြစ်လို့လဲ ဆိုတော့ တရားဥပဒေ စိုးမိုးချင်ကြ လို့ပါပဲ။

 

တရားဥပဒေ စိုးမိုးချင်ကြတဲ့အခါ အဲဒီလို ဖြစ်ဖို့ အတွက်က တရားရုံး၊ တရားခံ၊ တရားလို ဒီလူတွေကိုပဲ ဒီဥပဒေ စာအုပ်ကြီးအတိုင်း စီရင်ကြ၊ လုပ်ကြ ဆိုတာမျိုး မဟုတ်ဘဲ လိုအပ်လို့ ရုံးတော်က ဆင့်ခေါ်တဲ့အခါ မိမိနဲ့ သက်ဆိုင်ရာ တာ၀န်ကို တာ၀န်သိသိ၊ တာ၀န် ရှိရှိ ထမ်းဆောင်ကြရမယ် ဆိုတာကို သူတို့ ပြဋ္ဌာန်းလိုက်ကြတယ်။

 

“အေး၊ မင်းတို့ တရားရုံးချိန်းကို ဒီနေ့ ငါ တခြားကိစ္စတွေ ရှိနေသေးလို့၊ ဘယ်လူကြီး ခရီးစဉ်အတွက် ငါ လုံခြုံရေး တာ၀န်ယူရမှာမို့လို့ မလာနိုင်ဘူးကွာ” ဆိုတဲ့ လက်လွတ်စပယ် စကားတွေ ပြောလို့ မရဘူး။

 

“ကျုပ်ကတော့ ဂုဏ်သိက္ခာ အင်မတန် ကြီးမားတော်မူလှတဲ့ ဘယ်ကျောင်းတိုက်က ဆရာတော်ကြီး ဖြစ်နေလို့ အတွက် တရားရုံးဆိုတာ ကျုပ်မလာအပ်ပေဘူး၊ လာမခေါ်ကြနဲ့” လို့လဲ သူတို့ မပြောကြဘူး။

 

တရားဥပဒေ စိုးမိုးမှု ရှိဖို့ကို နိုင်ငံသားတိုင်းမှာ တာ၀န် ရှိတယ် ဆိုတဲ့ အသိကို သူတို့ကို ပညာပေးလည်း လုပ်ထားသလို၊ စည်းကမ်းနဲ့လည်း ချမှတ်ပြဋ္ဌာန်းထားတယ်။

 

“ငါတို့ လာအစစ်မခံနိုင်ဘူး၊ မင်းတို့ တရားရုံးကလူတွေ ငါရှိရာ လာမေးကြ” ဆိုတဲ့ အပေါက်မျိုးဆိုရင်တော့ ပိုလို့တောင် ဝေးပါတယ်။

 

***

 

အင်းပေါ့လေ…။ သူတို့ကတော့ သူတို့ကိုး…။

 

ကမ္ဘာ့ နံပါတ်တစ် ဖြစ်နေတဲ့ နိုင်ငံကြီးမှာ ဒီလို လုပ်သကွ၊ မင်းတို့ ငတို့ ရွှေပြည်ကြီးတော့ ဒီ့နှယ်ဖြစ်သကွ၊ ဘယ့်နှယ်ပဲ့သကွ ဆိုတဲ့ သဘောမျိုးတွေ နှိုင်းယှဉ်ပြ နှိမ့်ချလိုရင်းလည်း မဟုတ်ရပါဘူး။

 

ဒါပေမယ့် တရားဥပဒေ စိုးမိုးဖို့၊ တရားရုံးက ဆုံးဖြတ်ချက်တွေ ဥပဒေနဲ့ အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ကြစေဖို့ အတွက် လိုအပ်တဲ့ သက်သေတွေ အဖြစ် ထွက်ဆိုကြဖို့ တာ၀န်တွေကို သူက ဘယ်သူကြီးဖြစ်နေလို့၊ ဘယ်ကျောင်းတိုက်က ဖြစ်နေလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ငြင်းဆန်နေကြတာ၊ တနည်းအားဖြင့် တည့်တည့် ပြောရရင် တရားရုံးကို မထီမဲ့မြင်တွေ လုပ်နေကြတာကို မြင်တော့ စိတ်မသက်မသာ ဖြစ်မိတယ်။

 

တရားဥပဒေ စိုးမိုးမှုကို လိုချင်တယ် ဆိုပြီး မိမိရဲ့ တာ၀န်ရှိမှု အပေါ်မှာတော့ အကြောင်းမျိုးစုံပြ ရှောင်လွှဲချင်ကြတယ် ဆိုတာကတော့ မဟုတ်သေးတာ အမှန်ပါ။

 

ခန္ဓာကိုယ်ပေါ်က ၀တ်စုံတွေ ၀တ်ရုံတွေဟာ သူ့နယ်ပယ်နဲ့ သူပဲ ကောင်းပါတယ်။ တရားရုံးတော်ကို မထီမဲ့မြင် ပြုစေနိုင်တဲ့ အဆင်တန်ဆာ တခုတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။

 

***

 

ကျွန်တော်တို့ နိုင်ငံဟာ အဲဒီ “ငါ” တံတိုင်းတွေကို ဖြတ်ကျော်နိုင်ဖို့ကိုပဲ အတော် ရုန်းကန်ရဦးမှာ…။

 

***

 

ချစ်ခြင်းမေတ္တာဖြင့်…

 

ကလိုစေးထူး

မတ်လ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။

ဒေသစံတော်ချိန်၊ ည ၇ နာရီ ၃၃ မိနစ်။

No comments:

Post a Comment