Tuesday, 23 August 2022

USA-ပြောင်းရွှေ့ရဲရဲ ဝင်ငွေမြဲမြဲ"






 Copy from Ko Nyi Nyi Taungyi for reference and sharing information 

"ပြောင်းရွှေ့ရဲရဲ ဝင်ငွေမြဲမြဲ"

ဦးဆောင်သူရှိရင် အနောက်ကလိုက်လို့လွယ်တယ်။ ဦးဆောင်သူမရှိရင် ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ခရီးကိုယ်သွားရတယ်။ အမေရိကားမှာ "ဦးဆောင်သူ" ဆိုတာ ဝင်ငွေရှိတဲ့အလုပ်တစ်ခုကို သက်တောင့်သက်သာရစေတဲ့ "အတတ်ပညာ" တစ်ခုတတ်ထားတာကို ဆိုလိုတာဖြစ်ပါတယ်။ 


          ဒါကြောင့် အတတ်ပညာနဲ့အသက်မွေးနိုင်ရင်အမေရိကန်အိပ်မက်က မက်ရလွယ်တယ်။ ဒါပေမဲ့ လူတိုင်းက ပညာတတ်မဖြစ်နိုင်တာကြောင့် ကိုယ်ကာယအားနဲ့ အသက်မွေးရသူတွေအဖို့မှာတော့ ပင်ပန်းခက်ခဲတဲ့ ညကြမ်းကြမ်းကို ရမ်းသမ်းဖြတ်သန်းရလေတယ်။


          တစ်ခါတုန်းက မီဂဲလ်-Miguel ဆိုတဲ့ ပေါ်တူဂီ-အမေရိကန်တစ်ယောက်ဟာ ကျွန်တော့အလုပ်က ခေါင်းဆောင်-Lead တစ်ယောက်ပေါ့။ စကားပြောကောင်းတယ်၊ လူမှုရေးသွက်တယ်၊ ဟီးဟီးဟားဟား လူဝင့်ကြွားတယ်၊ သူ့ရဲ့စိတ်ဓာတ်ဟာ သူ့ရဲ့သေချာညီညာစွာညှပ်ထားရိပ်ထားတဲ့ မှုတ်ဆိတ်မွှေး၊ ပသိုင်းမွှေးတို့နဲ့ဆန့်ကျင်ဘက် စိတ်သဘောထားက နူးညံ့လှတဲ့လူပျိုကြီးတစ်ယောက်ဖြစ်တယ်။


          မီဂဲလ်အိမ်နဲ့ သူ့အလုပ်ဟာ ကား ၁ နာရီမောင်းရတယ်။ အလုပ်သိမ်းချိန် ကားလမ်းပိတ်ပြီဆိုရင် ၁ နာရီခွဲကျော် မောင်းပြန်ရတယ်။ ဒါကြောင့် သူက အလုပ်က Supervisor ကို ညည်းပြတယ်၊ လုပ်ခတိုးပေးဖို့ စကားရှာတယ်။ Supervisor က မလှုပ်ဘူး။ 


          ဒါနဲ့ တစ်ရက်ကျတော့ Supervisor ခရီးသွားတုန်း သူက ဒီလိုအီးမေးလ်ပို့လိုက်တယ် "အက်ရွန်ရေ ဒီအလုပ်ကို ငါဆက်မလုပ်နိုင်တော့လို့ နှုတ်ထွက်စာကို မင်းရဲ့အလုပ်စားပွဲပေါ်တင်ထားပေးပါတယ်။ လူစားရှာဖို့အချိန်အထိ ငါစောင့်ပေးပါမယ်" တဲ့။


          တကယ်က သူက အလုပ်ထွက်ချင်လို့မဟုတ်ဘူး၊ သူ့အိမ်နဲ့နီးတဲ့နေရာမှာ လုပ်ခနည်းပေမဲ့ ကားမောင်းရတာနီးတဲ့နေရာမှာလုပ်မလား၊ ကားကျပ်တဲ့ခရီးချင်းအတူတူ ဆန်ဟိုဆေးဘက်မှာ ဈေးပိုပေးတဲ့နေရာကို ပြောင်းလုပ်မလား သူ့မှာ ‌‌ရွေးချယ်စရာများလွန်းတယ်။ 


          ဒါကြောင့် နှုတ်ထွက်စာတင်တဲ့နည်းနဲ့ စာတင်လိုက်တာမှာ အက်ရွန်က အားလပ်ရက်ကမ်းခြေကနေ "မင်းစာကို ပြန်သိမ်းထားလိုက်ပါ မီဂဲလ်။ ငါပြန်လာရင် မင်းဖြစ်ချင်တာ စီစဉ်ပေးပါမယ်" ဆိုပြီး အီးမေးလ်ပြန်လာတယ်။ ဒီပွဲမှာ မီဂဲလ်နိုင်တယ်။ လုပ်ခတိုးသွားတယ်။ နောက်ထပ် ၁ နှစ်ဆက်လုပ်တယ်။


          သို့ပေမဲ့ မီဂဲလ်အလုပ်မေးထားတဲ့နေရာတွေက ၃ ခု ၄ ခု။ သူ့ကိုကြိုက်လို့ တဆာဆာလာပါလို့ပြောတဲ့ ဖုန်းတွေက တဂွမ်ဂွမ်၊ သူဘယ်နေနိုင်မလဲ။ 


          နောက်သိပ်မကြာခင် ဆန်ဟိုဆေးဘက်ကို Lead ရာထူးနဲ့ပြောင်းသွားတယ်။ ငွေပိုရတယ်။ နောက်သိပ်မကြာခင် ရာထူးထပ်တက်တယ်လို့ ကြားမိတယ်။ ‌အဲဒီကနေ သူ့အိမ်ပြန်ရတာ ကားလမ်းသိပ်မကျပ်တာက သူ့အတွက် ပိုအသက်ရှူချောင်စေတယ်။


          အပေါ်ပိုင်းမှာပြောခဲ့သလို အတတ်ပညာတစ်ခုခုတတ်ခဲ့ဖို့ မီဂဲလ်ဟာ ‌ဘာကျောင်းမှမပြီးခဲ့ဘူး။ ဒါပေမဲ့ နယ်စပ်ကခိုးဝင်လာသူ စာရွက်စာတမ်းမရှိသူတွေလို ပညာမတတ်တာမဟုတ်ဘူး။ ၁၂ တန်းအောင်ပြီးသား။


          သူက လုပ်ငန်းသိပ်ကျွမ်းကျင်၊ စကားသိပ်ကျွမ်းကျင်တဲ့ အမေရိကန်အလုပ်သမားလူတန်းစားမှာ အမြင်အများဆုံး အလည်အလတ်အလွှာထဲက အမေရိကန်တစ်ယောက်ဖြစ်ပါတယ်။ 


          အမေရိကန်ကျောင်းပြီးထားသူ အမြင့်ဝန်ထမ်းတွေကျတော့ရှင်းတယ်၊ အလုပ်သင် ၁ နှစ်၊ ၂ နှစ် ရရာလုပ်မယ်။ စကားလည်းတတ်၊ ကျောင်းလည်းပြီးထားလေတော့ အမေရိကန်စီးပွားရေးသာ ကျမနေရင် ခေါ်ချင်တဲ့လူတွေက တစ်ပုံတပင်။ 


          တစ်ချို့ဆိုရင် အိမ်ပိုင်မရှိသေးတော့ ပြည်နယ်ပြောင်းပြီး အလုပ်ကောင်းရှာရတာ ပိုအခွင့်အလမ်းများကြတယ်။ တစ်ချိန်မဟုတ်တစ်ချိန်ကတော့ မိမိကြိုက်တဲ့နယ်ပယ်ထဲက မိမိကျောင်းတက်ခဲ့တာနဲ့ ကွက်တိဖြစ်တဲ့အလုပ်ကို ရကြတာပါပဲ။ 


မိမိမှန်းတဲ့အလုပ်ကိုမရသေးရင် ပိုပြီး ပြောင်းရွှေ့လို့လွယ်သေးတယ်။ 


          ရောဂါပိုးနှိပ်စက်ခဲ့တဲ့ ၂ဝ၂ဝ နောက်ပိုင်းမှာ အိမ်မှာလုပ်ရတဲ့အလုပ်ဆိုရင် နေတာက ကယ်လီမှာ၊ နယူး‌‌ယောက်ကုမ္ပဏီအတွက် အလုပ်ဝင်တယ်။ နောက်တစ်ယောက်က ကျောင်းပြီးတော့ တက္ကဆက်မှာ စလုပ်တယ်။ နောက်တော့ အမ်မဇွန်ကခေါ်လို့ ဆီယက်ထဲလ်ကို ပြောင်းတယ်။ 


          နောက်မိသားစုကျတော့ ကယ်လီကနေ ဆီယက်ထဲလ် မိုက်ခရိုဆော့ဖ်မှာအလုပ်ဝင်ပြီး အခြေကျလို့ မွေးလာတာကလေး ၂ ယောက်၊ ၅ နှစ်ထဲမှာ ဈေးမတက်ခင်ဝယ်လိုက်တာက အိမ် ၂ လုံး။ ဒီလိုကို ပြောင်းရဲတာ။


          တကယ်တမ်းတော့ ‌အမေရိကားမှာ ကျောင်းပြီးတဲ့သွေးသစ်တွေချည်းရှိတာမဟုတ်ဘူး။ မီဂဲလ်လို အကုန်ကျွမ်းသူတွေချည်းရှိနေတာ မဟုတ်ပြန်ဘူး။ ဒီအုပ်စုကြီး ၂ စုက လုပ်ငန်းခွင်တွေရဲ့ လုပ်ခများများပေးရခြင်း-Decent Pay ‌နေရာတွေကို တော်တော်ယူထားပြီးကြတယ်။ 


          ဒါကြောင့် အဲဒီ‌ရဲ့အောက်တစ်ဆင့် အခြေခံအလုပ်တွေကိုလုပ်ဖို့ လူသစ်-New Immigrant တွေလိုတယ်။ ဒါတွေကြောင့် ရှေးအခါက လူမည်း၊ တရုတ်၊ မက္ကဆီကမ်၊ ဗီယက်နမ်တွေလို လုပ်အားတွေကို ဝယ်ယူရတဲ့အထိ ဖြည့်စွမ်းခဲ့ကြရတာပေါ့။


          ဒါကြောင့် အမေရိကားကိုလာတော့မယ့် မိတ်ဆွေဟာ ဘယ်နေရာမှာဝင်လုပ်မလဲ။ လမ်းဆုံလမ်းခွရောက်နေပြီ ဘယ်လမ်းကိုရွေးမှာလဲ။ 


          မီဂဲလ်လို လုပ်လုပ်စားစား၊ သွားသွားလာလာနဲ့ သူ့လိုစကားကျွမ်း၊ အလုပ်ကျွမ်းဖို့က ၁ဝ နှစ်လောက်ကြာတယ်။ 


          ထိပ်ဆုံးက ငွေပိုရတဲ့ ကျောင်းသားတွေလို ကျောင်းတက်တာကမှ၊ မိမိသားသမီးကို‌‌ကျောင်းတက်ခိုင်းတာကမှ ခန့်ချင်သူဝိုင်းဝိုင်းလည်၊ လုပ်ခ တစ်နှစ်ကို ဒေါ်လာ ၆၈ဝဝဝ-၁၄ဝဝဝဝ အကြားပေးတဲ့အလုပ်မျိုးရဖို့က အလွန်ဆုံးကြားမှ ၆ နှစ်ပေါ့။ 


          ရောက်ခါစ ဇဝေဇဝါ ၁ နှစ်၊ နောက်ထပ် မရေမရာ ၁ နှစ်၊ ပြီးရင် အလုပ်ထွက် ကျောင်းဆက်တိုက်တက်ဖို့က ၄ နှစ်။ ဒီထက်အခြေခိုင်ချင်ရင် မာစတာတက် နောက်ထပ် ၂+ နှစ်။


          "ဦးဆောင်သူရှိလို့ အနောက်ကလိုက်လို့လွယ်သူစေဖို့" တွန်းတင်ရင်း ပခုံးပွန်းကြရတဲ့ New Immigrant မိဘတွေကို သနားမိတယ်။ သားသမီး ကျောင်းတက်ရဖို့ အလုပ်ချိန် ၂ Shift ဆက်တိုက်လုပ်သူ‌ အသက်ကြီးမှရောက်လာတဲ့ ဖေဖေမေမေတွေကို စာနာမိတယ်။ 


          သူတို့မှာ အလုပ်ပြောင်းဖို့နေနေသာသာ ရှိတဲ့အလုပ်မပြုတ်အောင် ပေဒဏ်တေဒဏ်ခံပြီး လုပ်ကြရတယ်။ မိမိရဲ့သားသမီး‌တွေ ပြောင်းရွှေ့ရဲရဲ ဝင်ငွေမြဲစေဖို့ ပေးသလောက်ဝင်ငွေနဲ့ ဒီအိမ်၊ ဒီအလုပ်ကနေ ဘယ်နေရာကိုမှမပြောင်းချင်တဲ့ လူတန်းစားတစ်ရပ် အမေရိကားမှာရှိနေပါတယ်။


#KNNTgi 

08-20-2022

No comments:

Post a Comment