Thursday, 10 August 2023

“ ကိုယ့်စိတ်ကို အဆိပ်သင့်စေတတ်တဲ့ သူတွေနဲ့ အဆက်အသွယ် ဖြတ်ပါ။” ​

 “ ကိုယ့်စိတ်ကို အဆိပ်သင့်စေတတ်တဲ့ သူတွေနဲ့ အဆက်အသွယ် ဖြတ်ပါ။”

 

လူတစ်ချို့ကို တွေ့ဖူးပါတယ်..။  သူ့ကိုယ်သူကလွဲရင် တခြား ဘယ်သူ့ကိုမှ စိတ်မဝင်စားပါဘူး၊ အထင်လည်း မကြီးပါဘူး၊ လေးစား မှုလည်း မရှိပါဘူး၊ သူသာလျှင် မှန်ကန်ပြီး တခြားသူတွေရဲ့ အပြစ်တွေကို ရှာဖွေထောက်ပြပေးနိုင်စွမ်းရှိသူ ဖြစ်ပါတယ်..။ သူ့ကိုယ်သူ ဗဟိုပြုပြီး သူ့အကြောင်းတွေချည်းသာ ထပ်တလဲလဲ ပြောနေတတ်သူ ဖြစ်ပါတယ်..။  သူနဲ့ စကားပြောနေရတဲ့ အချိန်တစ်ချိန်လုံး သူ့အကြောင်းတွေချည်းသာ နားထောင်နေရပြီး သူ့ဘဝရဲ့ အောင်မြင်ရေး ကြီးပွားချမ်းသာရေးတွေ အကြောင်းသာ လိုက်ပါဆွေးနွေးနေရပါတယ်..။ သူက တောက်ပလွှမ်း မိုးသူဖြစ်ပြီး ကိုယ်ကတော့ သူ့ကို အထောက်အကူ ပြုပေးရတဲ့ ဇာတ်ပို့ ဇာတ်ရံ မှိန်မှိန်ကလေးအဖြစ် ခံစားရစေပါတယ်.။ သူ့ အကြောင်းအရာတွေကသာ ကြီးကျယ်ခမ်းနားနေပြီး ကိုယ့်အကြောင်းဆိုတာ စိတ်ဝင်စားစရာမကောင်းတဲ့ သာမန်အကြောင်းအရာ တစ်ခုလို ကြားဖြတ် ဖြတ်တောက်ပစ်လိုက်တာမျိုး ခံရတတ်ပါတယ်..။ 


အဲ့ဒီလို မိတ်ဆွေသူငယ် ချင်းမျိုးဟာ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုယ်ရဲ့တန်ဖိုးတွေကို အဆိပ်သင့်စေတဲ့သူလို့ ကျွန်မက သတ်မှတ်လိုက်ပါတယ်..။ သူ့ကို ဇာတ်ပို့ပေးနေရင်းနဲ့ ကိုယ်ဟာ တဖြည်းဖြည်း မှေးမှိန်သေးငယ်လာစေပါတယ်..။  သူ့ရဲ့ ခမ်းနားမှုတွေ အောင်မြင်မှုတွေ အဖိုးထိုက်တန်မှုတွေကို လေးစားချီးကျူးပေးနေရင်းနဲ့ ကိုယ်ဟာ သေးငယ်မှုန်ဝါးလာပါတယ်..။ ကြာတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လေးစားမှုတွေ လျော့ပါးလာ ပါတော့တယ်…။ အဲ့ဒီ မိတ်ဆွေ သူငယ်ချင်းဟာ ကိုယ့်ဘဝဆီက အလင်း ဓါတ်တွေကို စုပ်ယူထားသလိုပါပဲ..။ ကိုယ့်ရဲ့စိတ်ကို အဆိပ်သင့်စေပါ တယ်၊ သူနဲ့ အဆက်အသွယ် ဖြတ်ကြည့်လိုက်ပါ..။ ကိုယ့်ရဲ့ တန်ဖိုးနဲ့ လွတ်လပ်မှုကို ပြန်ခံစားခွင့် ရလာပါလိမ့်မယ်…။ 


ကိုယ့်ရဲ့စိတ်ကို ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုမှ မခံပါနဲ့…။ ကိုယ့်ဘဝမှာ ကိုယ် သာလျှင် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရတဲ့ အရေးပါသူ တစ်ယောက်အဖြစ် တန်ဖိုးထားစေချင်ပါတယ်…။ ကိုယ့်အကြောင်းကို စိတ်ပါဝင်စားမှုမရှိတဲ့…သူ့အကြောင်းကိုချည်း စိတ်ဝင်စားခိုင်းတဲ့ သူငယ်ချင်းမျိုးနဲ့ ဝေးဝေးမှာ နေလိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် သောကနဲ့ ဝေးရာဆီ ပို့ဆောင်ပေးလိုက်တာပါပဲ။


​နောက်တစ်မျိုးက အရာရာကို အပျက်ဘက်ကနေ တွေးတတ်တဲ့ အဆိုးမြင်တတ်လွန်းတဲ့ သူမျိုးဟာလည်း ကိုယ့်ရဲ့စိတ်ကို အဆိပ်သင့်စေသူတွေထဲမှာ ပါဝင်ပါတယ်…။  ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တစ်ခုကို ကိုယ်က စိတ်အားထက်သန်စွာနဲ့ ပြောပြနေချိန်မှာ သူ့ဆီကနေ အဆိုးမြင်တဲ့ ဝေဖန်မှတ်ချက် တစ်မျိုးမျိုး ချမှတ်လိုက်တဲ့အခါ စိတ်ဓါတ်တွေ ကျဆင်း သွားစေပါတော့တယ်…။ သူဟာ ကိုယ်က အပြုသဘောဆောင်ပြီး တွေးသမျှ အတွေးတိုင်းကို မဖြစ်နိုင်တဲ့ဘက်ကနေ အပျက်ဘက်ကနေ ကပျက်ယ ပျက်လုပ်ပြီး ပြောတတ်တဲ့အခါ ကိုယ့်ရဲ့ စိတ်တက်ကြွထက်သန်မှုတွေ မှန်သမျှဟာ တစ်စစီ ဖရိုဖရဲ ပြိုပျက်သွားစေပါတယ်..။  သူလို မိတ်ဆွေသူငယ်ချင်မျိုးဟာ ကိုယ့်ဘဝကို တိုးတက်မြင့်မားစေမယ့််သူမျိုး မဖြစ်နိုင် ပါဘူး…။ သူ့အတွက် အရာရာဟာ မဖြစ်နိုင်တဲ့ ဘက်ကချည်းပါပဲ..။ ထိုသူမျိုးကို ဘာစိတ်ကူးနဲ့များ သည်းခံပေါင်းသင်းနေဖို့ လိုအပ်ပါသလဲ…။  သူ့ကို လက်ပြနှုတ်ဆက်ပြီး ဝေးရာဆီ ထွက်ခွာကြည့်လိုက်ပါ..။


အဆိုးမြင်တဲ့အတွေးတွေ အပျက်ဘက်က အတွေးတွေဟာ ကိုယ့်ရဲ့ စွမ်းအားတွေကို ဖြုန်းတီးရာ ရောက်ပါတယ်…။ ကိုယ့်ရဲ့ စွမ်းအင်တွေကို ဖဲ့ခြွေတိုက်စား ပစ်နေတဲ့ မိတ်ဆွေသူငယ်ချင်းမျိုးကို လက်ပြနှုတ်ဆက်လိုက်တာဟာ နောင်တရစရာ အကြောင်းလည်း မရှိပါဘူး…။ ကိုယ့်ဘဝရဲ့ တိုးတက်အောင်မြင်ရေးအတွက် အနှောက်အယှက် ကင်းကင်းနဲ့ လွတ်လပ်ပေါ့ပါးစွာ လုပ်ဆောင်နိုင်လာပါလိမ့်မယ်…။ ဖြစ်နိုင်ပါ့မလား၊ သူပြောသလိုများ ဖြစ်နေမလား..စတဲ့ ကိုယ့်အရည်အချင်းအပေါ် မယုံကြည်နိုင် သံသယ ဖြစ်ရခြင်းတွေဆီကနေ လွတ်မြောက်လာပါလိမ့်မယ်..။ ကိုယ့်ရဲ့စိတ်ကို အ ဆိပ်သင့်စေတဲ့ မိတ်ဆွေသူငယ်ချင်းနဲ့ ဝေးရာဆီ ကျောခိုင်းလိုက်ခြင်းဟာ စိုးရိမ်ကြောင့်ကြနဲ့ ပူပန်သောကတွေဆီကနေ ဝေးရာဆီ လွတ်မြောက်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။


​နောက်တစ်မျိုးကတော့ စကားပြောလိုက်တိုင်း လေးလေးနက်နက် ကောင်းကောင်းမွန်မွန် ပြောလို့မရဘဲ ပေါ့ပေါ့ဆဆ ရီထေ့ထေ့ သရော်လှောင်ပြောင်တတ်တဲ့ မထီမဲ့မြင် ခနိုးခနဲ့ ပြောတတ်တဲ့ မိတ်ဆွေသူငယ်ချင်းမျိုးပါ..။ စကားကို အတည်ပြောလို့ မရပါဘူး၊ ကိုယ်ပြောလိုက်သမျှ အလေးအနက် တန်ဖိုးရှိတဲ့ စကားလုံးတွေဟာ သူ့ရဲ့ ပါး စပ်ဖျားမှာ ခနဲ့တဲ့တဲ့ ရိသဲ့သဲ့စကားတွေအောက်မှာ တန်ဖိုးမဲ့ပေါ့သွမ်း သွားစေပါတယ်..။ သူနဲ့ စကားပြောရတဲ့ အချိန်တိုင်းဟာ အရည်မရ အဖတ်မရ တန်ဖိုးမရှိတဲ့ ပေါ့ပျက်ပျက် စကားတွေ အတင်းအဖျင်းတွေနဲ့သာ ကုန်ဆုံးစေပါတယ်…။ ဒီသူငယ်ချင်းမျိုးဟာလည်း ကိုယ့်ရဲ့ လေးနက်တည်တံ့မှုတွေကို ပေါ့သွမ်းယိုင်နဲ့စေတတ်တာမို့ ကိုယ့်ရဲ့စိတ်ကို အဆိပ်သင့်စေသူထဲမှာ ပါဝင်ပါတယ်…။ ဒီလို သူငယ်ချင်းမျိုးနဲ့ ပြတ်သား စွာ အဆက်ဖြတ်ကြည့်ပါ…။ ဆုံးရှုံးစရာ မရှိပါဘူး၊ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ အတွေးတွေဟာ တန်ဖိုးမဲ့တဲ့ စကားတွေ အတင်းအဖျင်းတွေ အပေါ့အပျက်တွေကြားမှာ ဆုံးရှုံးလိုက်ရတာထက်စာရင် သူနဲ့ ဝေးရာဆီ လှည့်ထွက်ခဲ့ခြင်းက ကိုယ့်ကိုယ်ကိုယ် ကယ်တင်လိုက်ရာ ရောက်ပါတယ်၊ နောင်တရစရာလည်း အကြောင်းမရှိပါဘူး။


​ကျွန်မတို့ ဘဝတစ်လျှောက်မှာ လျှောက်လှမ်းလာခဲ့တဲ့ လမ်းခရီး တစ်လျှောက်မှာ ကြုံဆုံရသမျှ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ တချို့က အရိပ်အာဝါသ ကောင်းမွန်တဲ့ သစ်ပင်ကြီးတွေလိုပဲ ကိုယ့်ဘဝကို အေးမြမှု အရိပ် ပေးတတ်တယ်…။ တချို့က ရေတံခွန်ကြီးလိုပဲ ကိုယ့်ရင်ထဲက ပူလောင်မှုတွေကို အေးမြလန်းဆန်းမှု ပေးတတ်တယ်၊ တချို့က လမင်းကြီး တစ်စင်းလိုပဲ ကိုယ့်ဘဝရဲ့ မှောင်မိုက်မှုတွေကို လင်းမြနွေးထွေးမှုတွေ ပေးတတ်တယ်..။ အင်း..တချို့ကတော့ ကျောက်စရစ်ခဲလေးတွေလို ဆူး ကလေးတွေလို ကိုယ်လျှောက်နေတဲ့ လမ်းတစ်လျှောက်မှာ စူးခနဲ ဖြစ်အောင် ဟန်ချက်ပျက် ယိုင်လဲစေတတ်ပြန်တယ်…။ အဲ့ဒီလို အခါမျိုးမှာ ခဏလေးရပ်ပြီး ကျောက်စရစ်ခဲကလေး ဆူးကလေးကို ထုတ်ပယ်နွှင်ပေးလိုက်ရင် ခရီးဆက်လို့ လွယ်ကူစေတယ် မဟုတ်လား၊ ကိုယ်က သတိထားမိဖို့ပဲလိုတာပါ။    


🌸🌸 လွန်းထားထား - ဆေးတက္ကသိုလ်  🌸🌸


1- သောကနဲ့ဝေးရာဆီ..

2- ဒီနေ့ပျော်ပါ..

3- နောင်တရဲ့အဝေးမှာ..

4- ပိုအေးချမ်းတဲ့ကိုယ်


#လွန်းထားထား

#သောကနဲ့ဝေးရာဆီ..

#ဒီနေ့ပျော်ပါ..

#နောင်တရဲ့အဝေးမှာ..

#ပိုအေးချမ်းတဲ့ကိုယ်

No comments:

Post a Comment