Copy from Facebook credit to the original writer
ဒုက္ခသည် တဦးရဲ့ မီလီယံနာ အိမ်မက်။
"ကျနော် ဒီကြက်ခြံ (၆) ခြံကို ၁.၆ သန်းနဲ့၀ယ်လိုက်တယ်၊ တနှစ်လောက် ကြာတော့ နောက်ထပ် (၅)ခြံကို ထပ်၀ယ်လိုက်တယ်။ လောလောဆယ် ၀င်ငွေ သိပ်မကောင်း ပေမဲ့ သားသမီးတွေ အနာဂါတ်အတွက်ပေါ့” ပြောသူက ကိုသားငယ်ပါ။ မြောက် ကာရိုလိုင်းနား ပြည်နယ်က မြေဧက (၁၀၀) ကျော်မှာ ကြက်မွေးမြူရေး လုပ်နေတဲ့သူ။ အသက်က ၃၃ နှစ်မပြည့်သေးပေမယ့် ကာလပေါက်စျေး ဒေါ်လာ ၅ သန်းလောက်တန်တဲ့ ကြက်မွေးမြူရေးကို လက်တွေ့ လုပ်ကိုင်နေသူ၊ အမေရိကန် American Dream အကောင်အထည် ဖေါ်နေတဲ့ ချင်းတိုင်းရင်းသား လူငယ်တဦးပါ။
အမေရိကားကို ရောက်စတုန်းက ဗမာ စကား သိပ်မပြောတတ်ပေမယ့် စက်ရုံမှာ အလုပ်လုပ်ရင်း ဗမာ စကား ပြောတတ်လာသူ။ အမေရိကားလို နေရာမှာ ဒုက္ခသည်ဘ၀ကနေ ဒေါ်လာသန်းချီတန်တဲ့ လုပ်ငန်းမျိုးကို လုပ်ဖို့ ဆိုတာ သိပ်လွယ်တဲ့ အလုပ်မဟုတ်ပါ။ ဒါပေမယ့် အမေရိကန်တွေ ပြောတဲ့ American Dream ဆိုတာ ပဲနိ မရှိဘဲနဲ့ ဒေါ်လာသန်းချီတန်တဲ့ လုပ်ငန်းမျိုးကို လုပ်နိုင်တာလည်း အမေရိကားပါ။ မြန်မာလို ပြောရင် ရိုးသား၊ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တဲ့ အမေရိကား။ Financial Institutions တွေအားကောင်းတဲ့ အမေရိကားမှာ ရိုးသား၊ ကြိုးစားရင်းနဲ့ သန်းကြွယ် သူဌေး ဖြစ်သူတွေ ဒုနဲ့ဒေး။
အမေရိကားဆိုတာ Comfort Zone ဧရိယာကလည်း သိပ်ကျယ်၀န်းပါတယ်။ ဘာပညာမှ တတ်စရာမလို လင်မယား နှစ်ယောက် တပတ် ၅ ရက်လုပ်ရင်လည်း ကမ္ဘာပတ်ပြီး ဘ၀ရပ်တည်လို့ ရသလို၊ အလုပ်မလုပ်ဘဲ အစိုးရဆီက အစားအသောက်၊ ကျန်းမာရေးအာမခံ၊ နေစရာ အိမ်ခန်း တကျပ်မှ ပေးစရာ မလိုဘဲ နေလို့ ရတော့ Comfort Zone ကသိပ် ကျယ်၀န်းပါတယ်။ အချို့ ရွှေမြန်မာ မိသားစုဆို ဖယ်ဒရယ် အစိုးရက ချမှတ်ထားတဲ့ မိသားစု ၀င်ငွေကို အသေအချာ လေ့လာ၊ အလုပ်ချိန်ကို လျော့လုပ်ပြီး ၀င်ငွေနည်း မိသားစု အဖြစ်ရပ်တည် နေတဲ့သူတွေကလည်း အမေရိကားမှာ ရိုက်သတ်မကုန်။ ဒီလိုလူတွေက အမေရိကားမှာ ဘာပိုင်ဆိုင်မှု မရှိဘဲ အစိုးရငှားပေးတဲ့ တိုက်တန်းလျားပေါ်နေရင်း ဘ၀ကို နှပ်နေသူတွေ၊ သတို့ကို သူတို့ တကယ်လူတော်၊ လူလည် လို့ထင်နေသူတွေ။
ဒါပေမယ့် တောင်ဇလပ်ပန်းတွေ ပွင့်တဲ့ တောင်ပေါ်သား ကိုသားငယ်က လူလည်၊ နတ်ယောင်၊ တတ်ယောင်ကား မဟုတ်ဘဲ ရိုးသားတာ၊ ကြိုးစားတာ အပြင် အနာဂါတ် အတွက် စဉ်းစားနိုင်တဲ့ လူတော်တဦး။ ဒါပေမယ့် သူဟာ မြန်မာပြည်က အတန်းပညာ ကောင်းကောင်း မသင်ခဲ့ဘူးတဲ့သူ။
“ လတ်တလောမှာ ဆူရှီ လုပ်ငန်းလောက် ၀င်ငွေမကောင်း ပေမယ့် အနာဂါတ်မှာတော့ ၀င်ငွေ ကောင်းမယ် ထင်တာဘဲ၊ ကျနော်က ဆူရှီလုပ်တာ ဝါသနာ ပါပေမယ့် ကုမ္ပဏီရဲ့ ခေါင်းပုံ ဖြတ်မှု၊ Market ၀န်ထမ်းတွေရဲ့ ဗိုလ်ကျမှု၊ နားရက်မရှိ တနေကုန် လုပ်ရတဲ့ အလုပ်ချိန်၊ အနာဂါတ် ပိုင်ဆိုင်မှု မရှိတာ ကြောင့် ကြက်မွေးမြူရေး လုပ်ဖို့ ရွေးလိုက်တာ” ဟုပြောပြန်သည်။ လောလောဆယ် Mortgage Payment ပေးပြီးရင် မိသားစု စား၀တ်နေရေး ဖူလုံတယ်၊ အနားယူနိုင်တယ်၊ တနှစ်ကို တသိန်းလောက်တော့ စုမိနိုင်တယ်၊ ၁၅ နှစ်အတွင်း ဘဏ်ချေးငွေ ပေးပြီးရင်တော့ လုပ်ငန်း အားလုံး ပိုင်ပြီပေါ့၊ ဒါပေမယ့် ကြက်မွေးမြူရေး လုပ်ငန်းက Risk ကြီးတယ်။ ဆူရှီ လုပ်ငန်းက Risk သိပ်မရှိဘူး။ ကျနော်တို့ ဘ၀နဲ့ ချီပြီး ပုံအပ်ထားရတဲ့ လုပ်ငန်းပေါ့”။
အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခသည် ဘ၀နဲ့ အမေရိကားကို ရောက်လာတဲ့ မြန်မာပြည်က တိုင်းရင်းသားတွေထဲမှာ ချင်းတိုင်းရင်းသားတွေ ကတော့ ပညာရေးနဲ့ စီးပွားရေး လောကကို နယ်ချဲ့လာတာ မြင်နေရပါတယ်။ ထူးခြားတာက တခြားတိုင်းရင်းသားတွေနဲ့ စာရင် စည်းလုံးမှု အားကောင်းပြီး၊ အချင်းချင်း ကူညီဖေးမမှုနဲ့ တည်ဆောက်နေကြတာကို မြင်ခဲ့ရတာက အားရစရာ၊ ကြေနပ်စရာ။
ရည်မှန်းချက်တွေ အောင်မြင်ပါစေ ကိုသားငယ် 🙏🙏🙏
No comments:
Post a Comment