Tuesday, 16 June 2020

LOve

"ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတတ်ခြင်း"

အချစ်ဆိုတာ
တကယ်တော့ကိုယ်ချင်းစာတရားပါပဲ

သူ့ကိုပျော်စေချင်တယ်
သူ့ကိုစိတ်ချမ်းသာစေချင်တယ်
သူအဆင်ပြေတာကိုပဲမြင်ချင်တယ်
သူသက်သာဖို့သာတွေးတောပေးတယ်
သူလွတ်လပ်ဖို့ကိုသာ ဦးစားပေးလိုက်တယ်

ကိုယ်စိတ်ချမ်းသာဖို့
ကိုယ်ကျေနပ်ဖို့
ကိုယ်တစ်ဦးတည်းအဆင်ပြေဖို့
ကိုယ်သက်သာဖို့ကိုသာ ဦးစားပေးနေတယ်ဆိုရင်
အချစ်မဟုတ်တော့ဘူး....

အချစ်ဆိုတာ 
နားလည်ပေးနိုင်ခြင်းပါ

သူ့စိတ်ကို နားလည်ပေးနိုင်လေလေ
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာက
ပိုမိုကြီးမားလေလေပဲ...
ကိုယ့်စိတ်ကို 
သူ့ကိုအတင်းနားလည်ပေးဖို့ကြိုးစားခိုင်းတာဟာ
အချစ်မဖြစ်နိုင်ဘူး
ကိုယ်မပြည့်ဝတာကို သည်းခံပေး
ကိုယ်ဆိုးတာကို ခွင့်လွှတ်ပေး
ကိုယ်မရင့်ကျက်တာကို နားလည်ပေးခိုင်းတာဟာ
တကယ်ဆိုအချစ်မဟုတ်ဘူး

အချစ်ဆိုတာ 
ရောင့်ရဲတတ်ခြင်းတမျိုးပါပဲ

သူပေးသလောက်သာရောင့်ရဲနိုင်ရမယ်
သူကကိုယ့်ကို အချိန်တစ်နာရီပေးရင်လည်း
ရောင့်ရဲရမှာပဲ
(ကိုယ်ကတစ်နာရီပဲ သူ့အတွက်ထိုက်တန်တာကိုး)
သူက ကိုယ့်အတွက်
ငွေတစ်သောင်းပဲသုံးစွဲမယ်ဆိုရင်လည်း
ကိုယ်ကတစ်သောင်းပဲတန်လို့ပေါ့
သူကကိုယ့်ကိုလူရာမသွင်းဘူးဆိုရင်လည်း
ကျေနပ်ရမှာပဲ
ကိုယ်ကလူကြားထဲချပြဖို့မထိုက်တန်တဲ့သူ
မိတ်ဆွေ/ဆွေမျိုးတွေကြားချပြဖို့ 
မသင့်တော်တဲ့သူဖြစ်တယ်လို့သူကယူဆထားလို့
သူထားတဲ့နေရာမှာနေရင်း ရောင့်ရဲရတာပဲ....

ငါ့ကိုပဲအချိန်ပေးရမယ်
ငါ့အတွက်ငွေအများကြီးသုံးသင့်တာပေါ့
ငါ့ကိုနေရာတကာခေါ်ရမယ်
ငါကသာ VIP လို့တွေးနေရင်တော့
သူ့ကိုချစ်တာမဟုတ်တော့ဘဲ
ကိုယ့်ကိုကိုယ်ပိုချစ်နေတာပါ....

အချစ်ဆိုတာ 
အေးချမ်းခြင်းတစ်မျိုးလည်းဖြစ်ပါတယ်

တကယ့်မျှတတဲ့အချစ်ဟာ အေးချမ်းလွန်းတယ်
တကယ်ပြည့်ဝတဲ့အချစ်ဟာ တည်ငြိမ်သွားတယ်
နားလည်မှုရှိတဲ့ချစ်ခြင်းဟာ ပျော်ရွှင်စရာဖြစ်သွားတယ်

ပူလောင်နေတုန်းပဲ 
ပြဿနာတွေပိုများလာတယ်
မာနတွေပြိုင်နေတုန်းပဲ ကိုယ်လုပ်ချင်တာလုပ်နေကြတုန်းပဲဆိုရင်
ဒါဟာ တကယ့်ချစ်ခြင်းမေတ္တာအစစ်အမှန်
မဖြစ်သေးပါဘူး

*****

တကယ်တော့ချစ်ခြင်းမေတ္တာဆိုတာ
အတ္တတွေသာကိုင်ထားရင်
မာနတွေဖုံးထားနေသရွေ့
တွေ့လာမှာမဟုတ်ပါဘူး

တစ်ယောက်အပေါ်တစ်ယောက်
တကယ်ကိုအေးချမ်းစေချင်တဲ့စိတ်တွေ
အောင်မြင်တိုးတက်စေချင်တဲ့စိတ်တွေ
မရှိသေးဘူးဆိုရင် တကယ့်ချစ်ခြင်းမေတ္တာအဆင့်မရောက်သေးပါဘူး

တစ်ယောက်အဆင်ပြေတာကို
တစ်ယောက်ကမမြင်ချင်ဘူး
မဖန်တီးပေးချင်ဘူး မချီးကျူးပေးနိုင်ဘူးဆိုရင်
ချစ်ခြင်းမေတ္တာရှိတယ်လို့မသက်မှတ်ပါဘူး

ဟုတ်ကဲ့
ချစ်ခြင်းမေတ္တာဟာ ရိုးရိုးလေးပါပဲ
ကိုယ်ချင်းစာတတ်ရင် ရပါပြီ။

Min Yel KyawSwar💙

No comments:

Post a Comment