၃၁ မေ ၂၀၂၀
Ref:
-Insane Mode by Hamish
Mckenzie
-space.com
-Businessinsider and Washington post.
ယခုအာကာသ ခရီးစဉ်အတွက် အမေရိကန်အမျိုးသားအာကာသအေဂျင်စီကနေ အီလွန်မက်စ်ရဲ့ Space X ကုမ္ပဏီအပြင် နာမည်ကျော် လေယာဉ်ပျံထုတ်လုပ်ရေး ကုမ္ပဏီ ဘိုအင်းကိုပါ လွှတ်တင်နိုင်ဖို့အရေး စာချုပ်ချုပ်ခဲ့တာဖြစ်ပြီး ၎င်းတို့ကို ၂.၄ဘီလီယံ နဲ့ ၄.၂ဘီလီယံတန်ကြေးရှိတဲ့စာချုပ်ကို အသီးသီးချုပ်ဆိုခဲ့တာဖြစ်တယ်။ ယခုမှာတော့ အီလွန်မက်စ်က ဘိုးအင်းကိုကျော်ပြီး အရင်လွှတ်တင် နိုင်တော့မှာဖြစ်တယ်။
ဒီခရီးမှာ အာကာသယာဉ်မှူးနှစ်ဦးလိုက်ပါသွားတာဖြစ်ပြီး ပစ်လွတ်ချိန်မတိုင်မှီ၃ နာရီ အလိုမှာ၎င်းတို့ကို အီလွန်မက်စ်ရဲ့ Tesla ကားနဲ့ လာကြိုခဲ့ပါတယ်။ အဲဒီနောက် လွှတ်တင်ဖို့ တစ်နာရီ မိနစ် ၅၀ အလိုမှာတော့ Space Xရဲ့ နာမည်ကျော် Crew Dragon Demo-2 အာကာသယဉ်ထဲကို ဝင်ရောက်လာခဲ့ကြပါတယ်။ အမေရိကန်တို့ရဲ့ မြေကနေ ဒုံးပျံ နောက်ဆုံးလွှတ်တင်နိုင်ခဲ့တာ ၂၀၁၁ ဂျုလိုင် ၈ နောက်ဆုံးဖြစ်ပြီး ကျန်တဲ့ လူလိုက်ပါခြင်းကိုတော့ ရုရှားတွေဆီမှာ တခုံ သန်း၈၀ပေးပြီးအငှားလိုက်ပါခဲ့တာဖြစ်လို့ အမေရိကန်မြေပေါ်ကနေ သူတို့ဒုံးပျံ နဲ့ ပြန်လည်လွှတ်တင်နိုင်တော့မှာဖြစ်လို့ တနိုင်ငံလုံးလဲ စိတ်လှုပ်ရှားနေပါတော့တယ်။
ဒီလိုနဲ့ မေလ ၃၀၊ ဖလော်ရီဒါ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၂ မိနစ်မှာတော့ မစ်ရှင် စတင်ရန် ဒုံးပျံယာဉ် ထွက်ခွာခဲ့ပါတော့တယ်။ လွှတ်တင်ရန် သင့်မသင့် ကို မလွတ်တင်မီ ၄၅ မိနစ် အလိုတွင် ဆုံး ဖြတ်ခဲ့ကြတာဖြစ်ပြီး ရာသီဥတု အခြေအနေကိုတော့ အမေရိကန်လေတပ်ကတိုင်းတာပေးခဲ့တာပါ။ တကယ်လို့ မနေ့က မလွှတ်တင်နိုင်ခဲ့ရင် ယနေ့မေလ ၃၁ ရက်နေ့မှာ လွှတ်တင်သွားရန် စီစဉ်ခဲ့ကြတာဖြစ်တယ်။
သယ်ဆောင်ရေးဒုံးပျံဖြစ်တဲ့ Falcon 9 ရဲ့ ပထမအဆင့် ဒုံးပျံဟာ ဒုံးပျံထွက်ခွာပြီး ၂ မိနစ် ခွဲအကြာမှာတော့ လောင်စာကုန်ပြီး ဖြုတ်ထွက်သွားခဲ့ကာ ပင်လယ်ထဲက ဒုံးပျံခံယာဉ်ပေါ်မှာ အလိုအလောက် တည့်မတ်စွာ ဆင်းသက်ခဲ့ပါတယ်။
ပထမအဆင့်အပြီးမှာတော့ ဒုတိယအဆင့် ဒုံးပျံဟာ ၆ မိနစ်တာပျံသန်းခဲ့ပြီးနောက်မှာတော့ Crew Dragon အာကာသယဉ် ဟာ အာကာသထဲသို့ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ဒုတိယအဆင့် ဒုံးပျံဟာ အာကာသယာဉ်မှ ခွဲခွာပြီးတဲ့နောက် ယာဉ်ပေါ်မှာရှိတဲ့ ဒုံးအင်ဂျင်ငယ်တွေနဲ့ အာကာသစခန်းကိုသွား ချိတ်ဖို့ရန် အတွက် ပြင်ဆင်မှုတွေစတင်ပြုလုပ်ပါတယ်။
ဒီလိုနဲ့ နောက်ဆုံးမှာတော့ အမြင့်မိုင် ၂၅၀ ခန့်မှာရှိနေတဲ့ နိုင်ငံတကာ အာကာသစခန်း ISSကို Crew Dragon အာကာသယာဉ် ကနေ အလိုအလျောက် ချိတ်ဆက်စနစ်အသုံးပြုပြီး အာကာသစခန်း မှာရှိတဲ့ ချိတ်ဆက်ပေါက် နဲ့ ချိတ်ဆက် နိင်ခဲ့ပါတော့တယ်။
ဒီမစ်ရှင်တခုလုံးရဲ့ အဓိကအောင်မြင်မှုဟာ Space X ရဲ့ ပိုင်ရှင် ဘီလီယံနာ အီလွန်မက်စ်ကြောင့်လို့ပြောရင်မမှားပါဘူး။ ဒေါ်လာ၂၃ ဘီလီယံလောက် ချမ်းသာနေပြီး ကမ္ဘာ့ အချမ်းသာဆုံးစာရင်းမှာ နံပါတ် ၄၀ ချိတ်တယ်လို့ Forbes မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ အီလွန်မက်စ်ဟာ ငယ်ငယ်က စာတအားဖတ်တယ်။ သိပ္ပံဇာတ်လမ်းတွေကို အရူးအမူးစွဲလန်းတယ်။ အဲဒီ သိပ္ပံဇာတ်လမ်းတွေနဲ့ ငယ်ငယ်ကတည်းက မွေ့လျော်ခဲ့တဲ့ အီလွန်မက်စ် ဟာ ကြီးတဲ့အခါ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်တဲ့ သူဖြစ်လာတယ်။ သူဟာ သူ့ကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တဲ့ သူ့အဖေဆီကနေနဲ့ ထွက်ပြေးလာပြီးကြီးပွားချမ်းသာအောင်လုပ်ဖို့ ဆုံးဖြတ်ကာ တောင်အာဖရိကနေ ထွက်လာခဲ့ပါတယ်။ တောင်အာဖရိကနေ ကနေဒါကို အသက် ၁၇ နှစ်မှာ ရောက်လာပါတယ်။
လက်ချည်း သက်သက်နဲ့ရောက်လာတဲ့ အီလွန်မက်စ်ဟာ အလုပ်ကြမ်းတွေ လုပ်ကာ ရုန်းကန်ခဲ့ပြီးနောက်ကနေဒါ Queens တက္ကသိုလ်ကနေ အမေရိကန်ထိပ်တန်းတက္ကသိုလ် ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှာ ရူပဗေဒနဲ့ ဘောဂဗေဒအထူးပြုပြီး ဆက်တက်ပါတယ်။ ပါရဂူတန်း တက်ဖို့ ကျောင်းက လက်ခံပြီးခါမှ Zip2 လို့ခေါ်တဲ့အင်တာနက်ကုမ္ပဏီ ထောင်ပြီးစီးပွားရှာပါတယ်။ သူထောင်တဲ့ Zip2 ကုမ္ပဏီက ရန်ကုန်လမ်းညွှန်လိုမျိုးကို ဆော့ဝဲလ်ဗားရှင်းဖြစ်ပြီး သူ့ကုမ္ပဏီကို ကွန်ပြူတာကုအ္ပဏီ Compaq ကို ၁၉၉၇ခုနှစ်မှာ ဒေါ်လာ ၃၀၇သန်းနဲ့ ရောင်းရာ ကနေ သူကဝေစု ဒေါ်လာ၂၂ သန်း ရလိုက်တယ်။ အဲဒီကနေ ရတဲ့ငွေနဲ့ x.com ဆိုတဲ့ကုမ္ပဏီထပ်ထောင်ပါတယ်။ အဲဒီ ကုမ္ပဏီကအွန်လိုင်း banking ဝန်ဆောင်မှုမျိုးဖြစ်ပြီး နောက်တော့ Paypal နဲ့ ပေါင်းလိုက်တယ်။ အဲဒီကုမ္ပဏီကို နောက်တော့ eBay က ဝယ်သွားတော့ အခွန်ဆောင်ပြီး ဒေါ်လာသန်း ၁၈၀ လောက် Elon Musk က ရလိုက်ပြန်တယ်။ (သိပ်မကြာသေးခင်ကပဲ အီလွန်မက်စ်ဟာ Paypal ဆီကနေ x.com ကိုပြန်ဝယ်လိုက်ပါတယ်။)
အဲဒီကရတဲ့ငွေ အများစုကို ဒုံးပျံကုမ္ပဏီလေး စထောင်တဲ့နေရာမှာ ထည့်လိုက်တဲ့အပြင် တည်ထောင်စ လျှပ်စစ်ကားကုမ္ပဏီပေါက်စတစ်ခုမှာ ဒေါ်လာသန်းနဲ့ချီ ရင်းနှီးမြှုပ်နှံလိုက်ပြန်တယ်။ နောက်ပိုင်းမှာတော့ အဲဒီကုမ္ပဏီဟာ သူပိုင်ကုမ္ပဏီဖြစ်သွားပြီး ကားလောက တခေတ်ဆန်းစေခဲ့တဲ့ Tesla ကားကုမ္ပဏီ ဖြစ်လာပါတော့တယ်။ ဓာတ်ဆီ၊ ဒီဇယ်ဆီသုံးရတဲ့အတွက် လေထုညစ်ညမ်းမှုဖြစ်စေတဲ့ ကားတွေ နေရာမှာ Tesla က နေရာယူလာပါတော့တယ်။ ဒီ့အပြင် သူ့ရဲ့ Space X ဒုံးပျံကုမ္ပဏီဟာ အာကာသထဲကို လူတွေ စျေးချိုချိုနဲ့ ခရီးဆန့်ဖို့ရည်ရွယ်ကာတည်ထောင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းကျရင် လူတွေ အင်္ဂါဂြိုဟ်မှာသွားနေဖို့၊ အဲဒီကတစ်ဆင့် တခြားဂြိုဟ်တွေ အာကာသတွေမှာ လူတွေ သွားနေနိုင်အောင် ရည်မှန်းကာ တည်ထောင်ခဲ့ခြင်းဖြစ်တယ်။ ဒီလောက်ဆိုရင် အီလွန်မက်စ်ဟာ တစ်ခေတ်တစ်ယောက်ဆိုတာ မှန်းကြည့်လို့ရပါပြီ။
အထက်မှာဖော်ပြခဲ့တဲ့ အာကာသခရီးဟာဆိုရင် အတိအကျသတ်မှတ်ထားတာမဟုတ်ပေမယ့်၂၀၂၀ ခု နှစ် သြဂုတ်လလောက်မှာ ကမ္ဘာပေါ်ပြန်ဆင်းသက်လာမယ်လို့ ခန့်မှန်းသိရပါတယ်။ ပြန်ဆင်းလာချိန်မှာတော့ အာကာသယာဉ် ဟာ လေထုထဲကို တစ်နာရီ မိုင်ပေါင်း ၁၇,၀၀၀နှုုန်းနဲ့ ဝင်ရောက်လာမှာဖြစ်တယ်။ ဒီအရှိန်နှုန်းနဲ့ ဝင်ရောက်လာမှုကြောင့် လေထုနဲ့ ပွတ်တိုက်ရာကနေ နေမျက်နှာပြင် အပူချိန် ပူပြင်းမှဖြစ်ပြီး အဲဒီနောက်မှာတော့အရှိန် နှေးးသွားအောင်ပါလာတဲ့ အထူးလေထီး ၄ ခု အား ဖွင့်ပြီး အတ္တလန်တိတ် သမုဒ္ဒရာအတွင်းမှာအသင့်စောင့်နေမယ့် Space X GO Navigator သင်္ဘောကနေဆယ်ယူလို့ရအောင် ဆင်းလာမှာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် လူငယ်လူလတ်လူကြီး အများအပြားကအားကျရပြီး Google တည်ထောင်သူ လာရီပေ့ချ် အပါအဝင် နည်းပညာပိုင်း စီးပွားရေးပိုင်းထိပ်တန်းရောက်နေသူတွေကနေ လူသားသမိုင်းသစ်ကို ဖန်တီးမယ့်သူလို့ ယုံကြည်နေကြတဲ့ အီလွန်မက် ရဲ့ Space X နဲ့ Tesla ကားကုမ္ပဏီကနေ နောင်မှာ ဘာတွေများ ထပ်မံ တီထွင်ဆန်းသစ်အုံးမလဲ ဆိုတာ ဆက်လက်စောင့်မျှော်နေရတော့မှာ ဖြစ်ကြောင်း နဲ့ မြန်မာပြည်မှာလဲ ခုလို စွန့်ဦးတီထွင်သူတွေ အမြောက်အမြား ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ရင်း ဒီစာရေးပါတယ်။
.
No comments:
Post a Comment